ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများ ဒုတိယနေ့ဆက်လက်ကျင်းပ

တာမွေ စက်တင်ဘာ ၁၀

၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ ဒုတိယနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်းများစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုကဲ့သို့ ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ကျင်းပရာတွင် ဝါသနာရှင် (ပထမတန်းအဆင့်) နှင့် (ဒုတိယတန်းအဆင့်) ဟူ၍ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/ မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲအက၊ ကွက်စိပ်အက၊ တေးသီချင်းများရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ တယော/ မယ်ဒလင်/ ဂီတာ/ ဒုံမင်း တီးခတ်ခြင်း၊ နှဲ/ ပလွေ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်း/ ဆိုင်းအဖွဲ့လိုက် တီးခတ်ခြင်း၊ အိုးစည်အဖွဲ့လိုက် တီးခတ်ခြင်း၊ ဒိုးပတ်အဖွဲ့လိုက်တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်စေရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး စသည့်ဦးတည်ချက်များဖြင့် အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)