မုဒုံ စက်တင်ဘာ ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၅၆၆၅ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၄၆၉ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက်များ ဖော်ဆောင်ပေးခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျအချိန်ကိုက်ထည့်သွင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံ၍ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
မုဒုံမြို့နယ်တွင် မိုးစပါးများစိုက်ပျိုးရာ၌ ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ် စနစ်များဖြင့် ကြဲခင်း (၄၃၄၈၄)ဧက၊ ရိုးရိုးပျိုးစိုက်ခင်း (၃၁၇၅၆)ဧက၊ ဘောင်ပျိုးခင်း (၃၄၃)ဧက၊ ကောက်စိုက်စက်ဖြင့် (၃၀)ဧက၊ Seeder ဖြင့် (၅၂)ဧက စုစုပေါင်း ၇၅၆၆၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ အရည်အသွေးကောင်းစပါးမျိုးဖြစ်သည့် ပေါ်ဆန်းရင်အုပ်စုကို တောင်သူများက အဓိကထားကြိုပမ်းစိုက်ပျိုးကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)