ကျိုင်းတုံမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့နယ် နမ့်လပ်ချောင်းရေ မြင့်တက်လာ၍ ကျိုင်းတုံမြို့ အမှတ် ၃ ရပ်ကွက်၊ လွယ်မွေလမ်း ဟိုခိုရွာအနီးနှင့် မြို့တော်ခန်းမရှေ့ လေယာဥ်ကွင်းလမ်း၊ နောက်ကုန်ကျေးရွာသွားလမ်းတစ်လျှောက်၊ အမှတ် ၄ ရပ်ကွက် အာခါဈေး၊ မြို့ပတ်လမ်းတစ်လျှောက် လမ်းမပေါ်နှင့် နေအိမ်များတွင် အနက် ၃ ပေခွဲခန့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့နယ်တို့တွင်လည်း မိုးရွာသွန်းများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၍ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)