သင်္ဘောသားများအတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ အခမဲ့သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၁၀

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး အပျော်စီးသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် သင်္ဘောသားများအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်းအမှတ်စဉ်(၄)ကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။ 

“အပျော်စီးသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ကြမယ့် အမျိုးသား၊ အမျိုးသမီးသင်္ဘောသားတွေအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်တာဖြစ်ပါတယ်။ လက်ရှိပြည်တွင်းသင်္ဘောသားလောကမှာ အပျော်စီးသင်္ဘောတွေမှာ အမျိုးသား၊ အမျိုးသမီးတွေ သင်္ဘောလိုက်တဲ့ အခါမှာအရေအတွက်လည်း နည်းပါးသေးပါတယ်။ အခုမှ ဖွံ့ဖြိုးကာစအနေအထားဖြစ်တဲ့အတွက် သင်္ဘောပေါ်မှာ အသုံးပြုရတဲ့ ဘာသာစကားကို လက်ရှိအတွေ့အကြုံရှိတဲ့သူတွေက သင်ကြားပို့ချပေးတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာအခမဲ့သင်တန်းကို ဝါရင့်အတွေ့အကြုံရှိ ဆရာမ ဒေါ်ချိုချိုပြုံးမှ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ(၄၀)ဦးကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှ အင်္ဂလိပ်စာအခမဲ့သင်တန်းအပြင် ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းကိုလည်း အခမဲ့ပို့ချပေးလျက်ရှိသည်။

ယင်းသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ကုန်းပတ်သင်္ဘောသားအခြေခံလက်တွေ့သင်တန်းအမှတ်စဉ်(၄)ကို စက်တင်ဘာ(၇)ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းတွင် သင်ကြားအထောက်အကူပြုပစ္စည်းများဖြင့် ဆရာ ဦးသက်ထွန်း CDC 7507 နှင့် ဆရာ ဦးစအောင်ဌေး CDC 15200 တို့ နှစ်ဦးမှ အနီးကပ်သင်ကြားပို့ချပြီး၊ သင်တန်းအားအပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရက်သတ္တပတ် ၃ ပတ်၊ နာရီပေါင်း(၃၆)နာရီကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။ ထို့နောက် သင်္ဘောတက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် သင်တန်ဆင်းလက်မှတ်နှင့်အတူ သုံးသပ်အမှတ်စာရင်းကိုပါ ထည့်သွင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)