ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံအရှေ့ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်အောင် မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအဆင့်အလိုက် မကျန်အောင် မထပ်အောင် ကော်မတီအဖွဲ့ဝင်များက ကြီးကြပ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးပြောကြားခဲ့ပြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ၊ ဦးကျော်ဝင်းထွန်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၁၂ ရက်ကြာ Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနည်းပြသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ကောက်ယူသွားမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက် (၄၂) ရပ်ကွက်၊ ကျေးရွာ(၃)ရွာ၌ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက်(၁၂၆)ဦး၊ စုစုပေါင်း(၁၅၉)ဦး၊ အရံ(၉)ဦးဖြင့် ကောက်ကွက်(၃၈၆)ကွက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တင်နီလာကျော် (ပြန်/ဆက်)