မော်လမြိုင်မြို့နယ်၌ စက်ချုပ်နည်းပညာသင်တန်းနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ "အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း" ဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (Incubation Centre)သင်တန်းခန်မ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပုံမှန်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများအပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းတွေကို တိုးမြှင့်ဖွင့်လှစ်လျက်ရှိ​ကြောင်း၊ ယခုဘဏ္ဍာနှစ်၌ ကျေးရွာ (၁၁) ရွာတွင် ဒေသအလိုက်ပေါများစွာ ထွက်ရှိသော ကုန်ကြမ်းများအပေါ် မူတည်၍သော်လည်းကောင်း၊ ဒေသခံများ၏ လိုအပ်ချက်အရသော်လည်းကောင်း သင်တန်းအမျိုးအစားတွေကိုရွေးချယ်၍ အသက်မွေးဝမ်းကျောင်းနည်းပညာ သင်တန်း(၁၁)ကြိမ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်၍ MSME လုပ်ငန်းတွေကို အားပေးကူညီခြင်းဟာ ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ရာရောက်ကြောင်း၊ အိမ်ထောင်စုတစ်စုမှာ အမျိုးသမီးအများစုက မှီခိုသူများဖြစ်သည့်အတွက် အိမ်မှုကိစ္စများဖြင့် နေအိမ်အတွင်း၌သာ အချိန်ကုန်ပြီး မိသားစုဝင်ငွေလုံလောက်မှုမရှိသည့် ပြဿနာများ ကြုံတွေ့နေရသည့်အတွက် အမျိုးသမီးများအိုးမကွာ၊ အိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်စေရန်နှင့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ယခုလူသုံးကုန်ထုတ်လုပ်မှုနှင့် စက်ချုပ်နည်းပညာသင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ​ကြောင်း၊ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသူ(၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမှာဖြစ်၍ လုပ်ငန်းထူထောင်အောင်မြင်ပြီး အမှန်တကယ်မိသားစုဝင်ငွေတိုးတက်လာရန် ဈေးကွက်ဖော်ဆောင်နိုင်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြကာ ပြည်နယ်လမ်းပန်ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား၍ သင်တန်းသူများ ကိုယ်တိုင်ထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)