ကော့မှူး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့သစ်ရပ်ကွက် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သောင်းရွှေက ယခုမျက်မှောက်ခေတ်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာနိုင်ငံအသီးသီးမှာလည်း မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရကြောင်း၊ ဒီလိုဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ကယ်ဆယ်ရေးပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန် သင်တန်းမှပို့ချပေးမှုများကို ကြိုးစားသင်ယူကြရန်၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်လက်တွဲပြီး အများပြည်သူအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမြင့်ဦး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသောင်းရွှေတို့က တူညီဝတ်စုံများပေးအပ်ခဲ့ကြသည်။
အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို သင်တန်းသား (၅၀) ဦးဖြင့် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ် ပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကိုစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)