လှည်းကူးမြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် အခြေခံမွေးမြူရေးနည်းပညာပေးခြင်း သင်တန်းဖွင့်ပွဲကျင်းပ

လှည်းကူး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် အခြေခံမွေးမြူရေးနည်းပညာပေးခြင်း သင်တန်းဖွင့်ပွဲကို ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၅)ရက်ကြာ ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးမှူးဦးစန်းအောင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာဝါဝါအုန်းတို့က စိုက်ပျိုးရေးနည်းပညာပေးခြင်းနှင့် အခြေခံမွေးမြူရေးနည်းပညာပေးခြင်းအကြောင်းအရာများအား သင်တန်းသား/သူ(၂၀)ဦးကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့ ( ပြန် / ဆက်)