မှော်ဘီ (ရန်ကုန်) စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မှော်ဘီမီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာပူးပေါင်း၍ စနစ်တကျရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် သတိတရား၊ သစ္စာတရား၊ သတ္တိတရားများနှင့် ရဲဝံ့ပြတ်သားစွာလုပ်ဆောင်သွားကြရန်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တိုင်း စွမ်းရည်(၄)ရပ်၊ နာ(၅)နာနှင့် ပြည့်စုံအောင်အမြဲကြိုးပမ်းသွားကြရန်မှာကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို သင်တန်းသား(၅၀)ဦးဖြင့် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းတွင် မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်းပညာ ဘာသာရပ်များကိုစာတွေ့လက်တွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်၊ မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးငွေတင်၊ မှော်ဘီမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမျိုးဝင်း၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်နှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)