ဒဂုံတက္ကသိုလ် ငွေစုငွေချေး သမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးငွေထုတ်ပေးခြင်းအခမ်းအနားကျင်းပ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)       နိုဝင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် အမှတ်()၏  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား များစုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီက ဒဂုံတက္ကသိုလ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ်ဒေါက်တာနုနုရီက ငွေစုငွေချေးသမဝါယမအသင်းကြီးအား၁၉၉၅ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးအသင်းသား(၈၇၀)ဦးရှိကြောင်း၊ အသင်းသားများငွေစုဆောင်းသည့် အလေ့အထတိုးပွားလာစေရန်၊ ဝန်ထမ်းများလူမှုစီးပွားဘဝမြင့်မားလာစေရန်၊ ဝန်ထမ်းများငွေကြေးအခက်အခဲများ ဖြစ်ပေါ်ပါကအထောက်အကူရရှိစေရန်ရည်ရွယ်၍ ယခု ငွေစုငွေချေးအ သင်းအားထူထောင်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ငွေစုငွေချေး သမဝါယမ အသင်းများအနက်ဒဂုံတက္ကသိုလ် ငွေစုငွေချေးသမဝါယမအသင်းသည် အသင်းသားဦး ရေနှင့် စုဆောင်းငွေပမာဏ အရ ပိုမိုအောင်မြင်မှုရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများငွေကြေးအဆင်ပြေစေရန် အတွက် ဒဂုံတက္ကသိုလ် ငွေစုငွေချေး အသင်းဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ်ဒေါက်တာနုနုရီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သမဝါယမဦးစီး ဌာနမှဦးစီးအရာရှိနှင့်တာဝန်ရှိသူများက စုဆောင်းငွေအပေါ်အတိုးရရှိငွေ (၆၀၁၇၇၈၆၈)ကျပ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ အသင်းသားများ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)