ပျော်ဘွယ် စက်တင်ဘာ ၉
ပျော်ဘွယ်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှဦးဆောင်၍ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာတို့ကို တွင်ကျယ်စွာအသုံးပြုလာတတ်စေရန်ရည်ရွယ်၍ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်အောင်ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာ တောင်သူဦးကျော်ဟိန်း၏ လယ်မြေ(၂) ဧကတွင် ကျင်းပခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးသီဟဇော်က လက်ဆွဲကောက်စိုက်အသုံးပြု၍စိုက်ပျိုးမည်ဆိုပါက စိုက်ခင်းလယ်မျက်နှာပြင်ညီညာမှုရှိစေရေး၊ ပျိုးခင်းအတွက်နေရာအနည်းငယ်သာလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်သာလိုအပ်ခြင်း စသည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးလှနိုင်ဌေးက အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရာတွင်သတိပြုလိုက်နာရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ဦးစီးဌာနမှဝန်ထမ်းများက လယ်မြေအတွင်း လက်ဆွဲကောက်စိုက်စက် အသုံးပြု၍လက်တွေ့စိုက်ပျိုးပြသကြရာ အနီးဝန်းကျင်မှဒေသခံတောင်သူများ လာရောက်လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)