ကျောက်ဖြူခရိုင်ရုံး ကလေးစာဖတ်ခန်း၌ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်းဆောင်ရွက်

ကျောက်ဖြူ   စက်တင်ဘာ  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူလတန်းကြိုကျောင်းမှ ကျောင်း သား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန်၊ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးထိတွေ့မှုများရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန ရုံးဝန်ထမ်းများက ပုံပြင်ဖတ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်က ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတများရရှိစေမည့် "သူတစ်ပါးအပေါ် ကူညီပေးတတ်သော ပါးမန်" ပုံပြင်နှင့် "တစ်ယောက်ကောင်း အပေါင်းချမ်းသာ" ပုံပြင်များကိုဖတ်ပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် နားထောင်ကြကာ ကလေးစာဖတ်ခန်းအား ပျော်ရွှင်စွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်ပြသပေးခြင်း၊ ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း စသည့် အသိပညာပေးများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)