ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲအဖြစ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အထက်တန်းအဆင့်တွင် ကျပန်းစကားပြော၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အလယ်တန်းအဆင့်တွင် ကာတွန်း၊ စာစီစာကုံး၊  ပုံပြင်ပြောပြိုင်ပွဲများနှင့် မူလတန်းအဆင့်တွင် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပြီး အထက်တန်းအဆင့် ကျပန်းစကားပြော အကြိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျပန်စကားပြောပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် အနာဂတ်ကောင်းမွန်ရေး ကျောင်းစာအပြင် ပြင်ပစာပေများကို ရှာဖွေဖတ်ရှုသွားကြစေလိုကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးကပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ  ဦးအောင်ကိုကိုဇော် (ကာတွန်းဖောင်းဖောင်း)က ပြိုင်ပွဲစည်းကမ်းများ  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းစာကြည့်တိုက်”၊ “မြန်မာစာသည်တို့စာ မြန်မာစကားသည်တို့စကား”၊ “စာဖတ်ခြင်းအကျိုး”၊ “စာပေမြှင့်မှလူမျိုးတင့်မည်”၊ “စာပေနှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု ရရှိသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)