ပျော်ဘွယ် စက်တင်ဘာ ၉
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ နွားနှင့်ဆိတ်မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ မေထုန်မဲ့သားစပ်ကျွမ်းကျင်သူအရေအတွက်တိုးပွားစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်၍ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်နည်းသင်းတန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက နိုင်ငံတော်အနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ပို့ချသည့်သင်ခန်းစာများကို သေချာစွာလေ့လာသင်ယူပြီး မိမိဒေသ အတွက် အကျိုးပြုသောသူများဖြစ်လာရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးက ယခုဖွင့်လှစ်သည့်သင်တန်းသည် ဒေသခံပြည်သူများအတွက်များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမှုနှင့်ပတ်သက် ၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနိုင်ပါကြောင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သူများဖြစ်လာရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူများက သင်ထောက်ကူပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကာ ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ(၉) ရက်နေ့မှ(၁၃)ရက်နေ့အထိ လည်းကောင်း၊ ရမည်းသင်းမြို့နယ်တွင် စက်တင် ဘာလ (၁၆)ရက်နေ့မှ (၂၀) ရက်နေ့အထိလည်းကောင်း သင်ကြားပို့ချသွားဖြစ်ပြီး သင်တန်းတက်ရောက်မှုအနေဖြင့် ပျော်ဘွယ်မြို့နယ်တွင် သင်တန်းသား(၂၅)ဦး၊ ရမည်းသင်းမြို့နယ်တွင် သင်တန်းသား(၁၅)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)