တာမွေ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်္ယန်းကျွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သင်္ယန်းကျွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများအား မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား အသက်စွန့်ဆောင်ရွက်နေကြတာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ ဒါ့ပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ “နာသုံးနာ”ကို အခြေခံပြီး ပြည်သူလူထုအကျိုးကို စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသူများလည်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါမှာလည်း လက်မနှေး၊ နောက်မတွန့်ဘဲ ရောက်ရာအရပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲဆောင်ရွက်နေကြသူများဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် အားထားရတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့သက်ဆိုင်ရာရပ်ကွက်များ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များဟာ များစွာအရေးပါသူများဖြစ်တဲ့အတွက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က သင်တန်းသားများအား သင်တန်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်တပ်ဖွဲ့ သမိုင်းကြောင်းများ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်၊ အခြေခံစစ်ပညာရပ်များ၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေး စက်ကိရိယာအမျိုးမျိုး၊ စက်ယန္တရားအမျိုးမျိုးအား လက်တွေ့အသုံးပြုနည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကစစ်ဆေး ဆောင်ရွက်ရမည့်အချက်များ၊ ရေအကြောင်းနှင့် ရေဂါလန်တွက်နည်းများ၊ မီးသတ်တပ်ဖွဲ့ ဥပဒေ/ နည်းဥပဒေများ၊ ရှေးဦးသူနာပြုစုနည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၉) ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အထိ ရက်သီတင်းပတ်လေးပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အခြေခံစစ်ပညာ၊ မီးငြှိမ်းသတ်ရေး ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)