ပုပ္ပားတောင်မကြီးတွင် ရာသီစာမှိုများထွက်ရှိချိန် ရှာဖွေရောင်းချခြင်းဖြင့် မိသားစုများ အပိုဝင်ငွေရရှိနေ

ညောင်ဦး  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင် တည်ရှိသည့် ပုပ္ပားတောင်မကြီးမှထွက်ရှိသည့် ရာသီပေါ်မှိုများ ရှာဖွေကောက်ယူရောင်းချခြင်းဖြင့် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁) မိုင်ခန့်အကွာတွင်ရှိသည့် ပုပ္ပားတောင်မကြီးသည် ရာသီပေါ်မှိုအမျိုးမျိုးထွက်ရှိသည့် တောင်ဖြစ်ရာ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများ ရာသီစာမှိုအမျိုးမျိုးရှာဖွေ ကောက်ယူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကောင်းလျက်ရှိသည်။ ပုပ္ပားတောင်မကြီးတွင် အင်မှို၊ ထိတိုင်းနက်မှို၊ မှိုဘီးကျဲ၊ မှိုဘီးစိပ် ငှက်စွပ်မှို၊ ဖက်စွပ်မှို၊ မှိုနီစပ်၊ ဝါးရင်းမှို၊ ဖိုးသူတော်မှို၊ ကိုယ်ရင်မှို၊ ကြက်တောင်မှို၊ ကျင်းမှို၊ ဝါဆိုတောင်ဘို့မှုနှင့် ဆီးဖြူမှိုများ ထွက်ရှိကြောင်း လက်ပံအိုင့်ကျေးရွာမှ ဦးမောင်ပြူးက ရှင်းပြသည်။ ပုပ္ပားတောင်မကြီးပေါ်တွင် မိုးရွာသွန်းမှုများခြင်းများက မှိုပေါက်နှုန်းကောင်းမွန်စေပြီး ထွက်ရှိသည့်မှိုများသည်လည်း အဆိပ်အတောက်ရှိသည့်မှိုများမှာ အလွန်နည်းပါးပြီး မှိုတွင်အဆိပ်ရှိ/မရှိကို မှိုခြင်တောင်နှင့် ဖဲ့ချိုးလိုက်ရာမှ အစေးထွက်/မထွက်အပေါ် မူတည်၍ သိနိုင်ကြောင်း မှိုကောက်သူများက ပြောသည်။

ပုပ္ပားတောင်မှထွက်ရှိသည့်မှိုများအနက် ကျင်းမှို၊ ဝါဆိုတောင်ပို့မှိုနှင့် ဝါးမှိုများသည် ဈေးနှုန်း အထူးကောင်းမွန်ကြပြီး ကျင်းမှိုနှင့်ဝါဆိုတောင်ပို့မှိုသည် တစ်ပိသာ လေးသောင်းကျပ်ထိရောင်း ချနေရကြောင်း၊ အဆိုပါမှိုများသည် ပေါက်လေ့ရှိသည့်မှိုကျင်းတွင် နှစ်စဉ်ပေါက်လေ့ရှိပြီး မှိုရှာဖွေရောင်းချသူများက မှိုကျင်းကို မှတ်သားထားလေ့ရှိကာ မြန်မာလ ဝါကြီးထပ်သည့်နှစ်၊ မထပ်သည့်နှစ်ဟူ၍ မှတ်သားကာ ရှာဖွေလေ့ရှိကြောင်း၊ ၎င်းအပြင် ပိုင်ရှင်ရှိသည့် ယာတောထဲ မှိုပေါက်လျှင်ပင် မှိုတွေ့သူကသာ ဦးစွာအမှတ်အသားပြုလုပ် နုတ်ယူနိုင်ကြောင်း သိရသည်။

ဝါးမှိုသည် ခြောက်သွေ့ကာသေပြီးသား ဝါးရုံခြောက်များတွင် ပေါက်လေ့ရှိပြီး ဟင်းရည်သောက် ချက်စားရာတွင် အထူးကောင်းမွန်သည့် မှိုအမျိုးအစားဖြစ်ကာ တွေ့ရှိမှုလည်း အင်မတန်နည်းသည်။ ကျောက်ပန်းတောင်းမြို့ ဈေးကွက်သို့ ပုပ္ပားတောင်မကြီးထွက် ရာသီစာမှိုများ ဝင်ရောက်လာရာ ပေါ်ဦးပေါ်ဖျားမှိုများ (ကျင်းမှို၊ ဝါဆိုတောင်ပို့) မှိုမှလွဲ၍ ၂၅ ကျပ်သားလျှင် ကျပ် ၂၀၀၀ ဈေး ရရှိသဖြင့် မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း