မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း

မိတ္ထီလာ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဆည်ကုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး‌‌ ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ဆည်ကုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတွင် ဂျင်းမြေဖို့ခြင်းနှင့် လမ်းပုခုံးမြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာ၌ အရှည် (၀/၆.၈၂)မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မရှိ မြေသားအလွှာခင်း၍ ရိစာဂျင်းမြေခင်းခြင်းလုပ်ငန်းကို  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ  ၆၅.၁၅ သန်းနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert ၃'x၁၈'x၃' (၁)စင်း ခွင့်ပြုရန်ပုံငွေ ၄.၅ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ၆၉.၆၅ ကျပ်သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် မေလစတုတ္ထအပတ်မှစ၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုမှာ   ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

အဆိုပါကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဆည်ကုန်းကျေးရွာနှင့်အနီးရှိ မွှေကျေးရွာ၊ ဥယျာဉ်ကျေးရွာများမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမြေ ဧက ၃၀၀ ခန့်နှင့် မွေးမြေူရေးလုပ်ငန်း၊ အခြားထုတ်ကုန်၊ ထွက်ကုန်များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက် အတွင်းသို့ အချိန်မီရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။     

သိန်းမြင့်ကျော်(မိတ္ထီလာ)