မုဒုံ စက်တင်ဘာ ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများဖြစ်သည့် ဆိုလာရေတင်လုပ်ငန်းနှင့် ရေပေးရေးလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်ဦး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခွန်၊ နိုင်လှုံကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်(၁၂)သန်းဖြင့်ဆောင်ရွက်မည့် ဆိုလာရေတင်လုပ်ငန်း၊ ထုံမံကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဂါလံ(၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း ကျေးလက်ရေပေးရေးလျာထားလုပ်ငန်းများ၊ မှိန်ဂနိမ်းကျေးရွာ၌ဆောင်ရွက်မည့် ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလျာထားလုပ်ငန်းများ၊ ကင်းချောင်းကျေးရွာ၌ ဆောင်ရွက်မည့် ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေများ ရာသီမရွေး ရေရရှိမည့်အပြင် စိုက်ပျိုးရေရရှိရေးအတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)