ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၉

ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရန်၊ ငါးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်၊ ငါးလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးစေရန်၊ ငါးမျိုးစိုက်သော ငါးသားပေါက်များ ရှင်သန်နှုန်းကောင်းမွန်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဧရာဝတီ မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် ချမ်းအေးသာစံမြို့နယ် ကရဝိတ်ရေပေါ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသံချောင်းက ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းနှင့် ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တိုင်း​ ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ငါးလုပ်ငန်းဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ငါးအမျိုးအစားများနှင့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)