တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး ရွေးစုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မဖူးပြည့်ပြည့်ခင် (Grade-11)၊ မအိနန္ဒာဖြိုး (Grade-11)၊ မမပြည့်ဖူးခိုင် (Grade-11)၊ မရတနာစိုး (Grade-10)၊ မစိုးစန္ဒာအေး (Grade-10)တို့က “လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် မျိုးချစ်စိတ်”ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးအန္တရာယ်၊ လူငယ်များအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်