စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စဉ့်ကိုင် စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  ကလေး အလုပ်သမားပပျောက်ရေး  အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကလေးသူငယ်များသည် စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့် အရွယ်ဖြစ်သော်လည်း စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြရခြင်းမှာ ကလေးငယ်များ၏ အနာဂတ်ကိုသာမက နိုင်ငံတော်၏ အနာဂတ်ကိုပါ များစွာထိခိုက်နစ်နာစေသည့်အတွက် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက အသက်(၁၄) နှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမှဆိုင်၊ အလုပ်ဌာန၊ အများပျော်ရွှင်ရေး အလုပ်ဌာနများတွင် လုပ်ခွင့်မပြုကြောင်းနှင့် အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်းစသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များနှင့် အလုပ်ချိန် ကန့်သတ်ချက်များ စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ဦးအေးကိုကို (ဝင်းမောင်မောင်ပန်းလောင်လွင်ပြင်)က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း တကျယ်တဝံ့ အသိပညာပေး ဟောပြောခဲ့သည်။

၎င်းနောက် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊သူများအား ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တက်ရောက် ကြသူများအား  အဆိုပါ ဦးစီးဌာနမှ ဝန်ထမ်းများက  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ