ကျောက်ပန်းတောင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာပေးခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ လက်တွေ့ပူးပေါင်း ဆောင်ရွက်စေခြင်းများကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ LCIS Pre-school Kyaukpa- daung Campus (International English School)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို မီးသတ်ဦးစီးဌာန မြိုနယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေးနှင့် မီးလောင်မှု မဖြစ်စေရေးအတွက် ကြိုတင်တားဆီးကာကွယ်ရမည့် နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မီးငြှိမ်းသတ်နည်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် မီးသတ်ဆေးဘူးတစ်ဘူး၏ အသုံးဝင်ပုံနှင့် စွမ်းဆောင်ရည်များ၊ ကိုင်တွယ်အသုံးပြုနည်းနှင့် အသုံးပြုနိုင်သည့် သက်တမ်းကာလတို့ကို လက်တွေ့ရှင်းလင်းပြသသည်။ ဆက်လက်၍ ကျောင်းရှေ့ မြက်ခင်းပြင်တွင် ဆီမီးလောင်မှု ငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးဖြင့် အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသ၍ တာဝန်ရှိ ဆရာ/ဆရာမများ၊ ကျောင်းလုပ်သားများကို လက်တွေ့ပါဝင်ဆောင်ရွက်စေခြင်းဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းတွင်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၇ ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ ပါဝင်ပြီး၊ LCIS Pre-school Kyaukpadaung Campus (International English School)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးနိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းလုပ်သားများ အင်အား ၁၄၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)