မန္တလေး စက်တင်ဘာ ၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူး များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက ပညာသည်သာရတနာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရည်မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် အမြဲမပြတ် အားပေးဖြည့်ဆည်းပေးနေပါကြောင်း၊ ၂၁ ရာစု ပညာခေတ်တွင် စာတတ်မြောက်ရေးသည် အားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်း၏ အရေးမဟုတ်ဘဲ လူတိုင်း၏အရေးဖြစ်ပါကြောင်း၊ လူတိုင်းစာတတ်မြောက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် နွေရာသီကာလတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းများကို နာရီပေါင်း ၁၂၀ အထိ လေ့ကျင့်သင်တန်းပေးခဲ့ရာ မြို့နယ်ပေါင်း ၁၃ မြို့နယ်၊ စာသင်ဝိုင်းပေါင်း ၁၈၀ ဝိုင်းတို့ဖြင့် စာသင်သား ၂၄၄၀ ဦးတို့ကို သင်ကြားပေး နိုင်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်အောင်မြင်မှုများ ဖြစ်ထွန်းလာစေရေးအတွက် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို ထိရောက်စွာအသုံးချနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားလေ့လာသင်ယူနေကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ UNESCO ညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေး အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ဖတ်ကြားပြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား စာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်မှု video clip အား ပြသခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အထက်တန်းအဆင့်နှင့် အလယ်တိုင်းအဆင့် စာစီစာကုံး ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများက ဂုဏ်ပြုသီချင်းများဖြင့် သီဆိုတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်းနှင့် နိုင်ငံတကာ စာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)