မိုင်းဖြတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနွယ်မှ လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ အမှုဆောင် ဦးအေးမင်းကြိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ငွေစာရင်းအားလည်းကောင်း၊ အမှုဆောင် ဦးဝင်းကျော်ဦးက ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားအပြီးတွင် အသင်းသူ၊ အသင်းသား (၁၉၁) ဦးအား တစ်ဦးလျှင် စားဆီ (၅၀) ကျပ်သား ထောက်ပံ့ပေးခဲ့သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းသားဦးရေမှာ (၁၉၁) ဦးအထိ ရှိလာပြီးဖြစ်သည်။ အသင်း၏ ဆောင်ရွက်ချက်များဖြစ်သည့် အသင်းသူ/အသင်းသားများ၏ ချေးငွေအပေါ် အတိုးကို (၂) ရာခိုင်နှုန်း ကောက်ခံပြီး စုဆောင်းငွေအပေါ် အတိုး (၁) ရာခိုင်နှုန်းကို ပြန်လည်ထုတ်ပေးခြင်း၊ အသင်းသူ/အသင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများကို ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)