မိုးနဲ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လွိုင်မြေရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း အင်ကြင်းဆောင်ခန်းမ နေရာ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်အောင်အောင်က သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရေး၊ သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလေးများက သိရှိလိုသည်များ မေးမြန်းရာ သစ်တောဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၏ သန့်ရှင်း၍ စိမ်းလန်းသော (Clean and Green) ကျောင်းအဖြစ် ဖော်ဆောင်မည့် အခြေအနေများကို ကျောင်းအုပ် ဆရာမကြီး ဒေါ်လီလီမိုးစက်က ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)