မိုင်းယောင်းမြို့၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့က သဘာဝဘေးနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးသီးနှံများ ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီတို့က မြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန် ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)