ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၉

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားဘာသာစကားဆိုင်ရာ အကူအညီပေးနိုင်ရေး အခြေခံ ပညာဦးစီးဌာနနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်က မိမိတို့မြန်မာနိုင်ငံအတွင်း ယခုလာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်နယ်အတွင်း ဒေသခံတိုင်းရင်း သားဘာသာစကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်းကောက်ယူရာတွင် အခက်အခဲများ မရှိစေရေး အတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းပါဝင်ပြီး အတူတကွ လက်တွဲလုပ်ဆောင်ကြရန်လိုအပ်ပါ ကြောင်း၊ ထိုသို့ လက်တွဲလုပ်ဆောင်ရာတွင် တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် ဘာသာစကားဆိုင်ရာ အကူ အညီပေးမည့် လူပုဂ္ဂိုလ်အမည် စာရင်းများပြုစုပေးရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်တင်က ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားမည့် လုပ်ငန်းစဉ်များ၊ စာရင်းကောက်ကွက်များအလိုက် ဘာသာစကားဆိုင်ရာ အကူအညီပေးရမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြည်လုံးကျွတ်သန်းခေါင်စာရင်း လုပ်ငန်းစဉ် တွင် ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် လူအင်အားနှင့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက အကူအညီပေးနိုင်ရေးအတွက် တိုင်းရင်းသားမျိုးနွယ်စုအလိုက် ဘာသာစကားသင် ဆရာ၊ ဆရာမများ ပါဝင်နိုင်ရေးနှင့် မျိုးနွယ်စုအလိုက် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက စာရင်းကောက်ယူမည့် ဒေသအလိုက် တာဝန်ခွဲဝေချထားပေးနိုင်ရေးကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပူးပေါင်းလက်တွဲဆောင်ရွက်ရမည့် အချက်အလက်များအပေါ် သိလိုသည်များနှင့် လူပုဂ္ဂိုလ်စာရင်းပြုစုပေးပို့နိုင်ရေးအတွက် လိုအပ်သည်များကို မေးမြန်းတင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူမည့် ဒေသအလိုက် စာရင်းကောက်ကွက်များပေါ်မူတည်၍ အားလုံးအတူတကွလက်တွဲနိုင်ရေး ကူညီဆောင်ရွက်မည့်သူများအား စာရင်းပြုစုပေးပို့နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)