တာချီလိတ် အ.ထ.က(မိုင်းကိုး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တာချီလိတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ လူမှုပတ်ဝန်းကျင်တွင် လိုက်လျောညီထွေနေတတ်စေရန်နှင့် လူငယ်ရေးရာ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြင်ပဗဟုသုများရရှိစေရန် စာပေများဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူက ပလတ်စတစ်ကို ကမ္ဘာတစ်ဝှမ်း အလွယ်တကူ အများအပြားထုတ်လုပ်သုံးစွဲနေကြပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှုမရှိခြင်းတို့ကြောင့် ပလတ်စတစ်များ မြစ်၊ ချောင်း၊ အင်း၊ အိုင်များသို့ ရောက်ရှိကာ ရေထုညစ်ညမ်းခြင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် လေထုညစ်ညမ်းခြင်းနှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်မည့်နည်းလမ်းများအားလည်းကောင်း အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)