မန္တလေး စက်တင်ဘာ ၉
မန္တလေးမြို့ပေါ်(၇)မြို့နယ်တို့၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် ၄၈ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှူး ဦးကျော်လှိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမောင်၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က လှူဒါန်းရခြင်း အကြောင်းအား လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက ဆရာတော်ထံမှ ရေစက်ချနှင့် အနုမောဒနာတရား နာယူ ကြည်ညိုကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းကြသည်။
ယနေ့အခမ်းအနားတွင် မန္တလေး (၇) မြို့နယ်ရှိ ရဟန်း၊ သာမဏေ ၄၆၇၀၁ ပါး၊ သီလရှင် ၅၉၉၆ ပါး၊ စုစုပေါင်း ၅၂၆၉၇ ပါး တို့အား ဆွမ်းဆန်တော် ၆၅၈၇၁.၁ တင်း၊ ဆီ ၁၃၁၇၄.၂၅ ပိဿာ၊ ကြက်သွန်နီ ၁၃၁၇၄.၂၅ ပိဿာ၊ ကုလားပဲ ၁၃၁၇၄.၂၅ ပိဿာ တို့အား ဆက်ကပ် လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)