မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ

၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊​ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “စာတတ်မြောက်ရေး လူတိုင်းအရေးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စာတတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်လျှင် ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ပထမပိုင်းကာလ ၊ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဒုတိယပိုင်းကာလ၊ ၁၉၈၈ မှ ယနေ့အထိ တတိယပိုင်းကာလအဖြစ် ယေဘုယျပိုင်းခြားသတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံစာတတ်မြောက်မှုမှာ (၃၅) ရာခိုင်နှုန်းမျှသာရှိခဲ့ပြီး ၁၉၆၄ ခုနှစ် အရောက်တွင် (၅၇) ရာခိုင်နှုန်း ရှိလာပါကြောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စာတတ်မြောက်ရေးလှုပ်ရှားမှု အရှိန်အဟုန်အမြင့်ဆုံးအဖြစ် (၉၀) ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခုအခါ (၉၅%) မှ (၉၈%) ဝန်းကျင်ရှိလာခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်၊ နွေရာသီစာတတ်မြောက်ရေးကို မွန်ပြည်နယ်အတွင်းရှိ ကျေးရွာ (၂၃၄) ရွာတွင် စာသင်ဝိုင်း (၅၈၃) ဝိုင်းဖြင့် နည်းပြ (၆၀၆) ဦး ၊ ကြီးကြပ် (၆၉) ဦး စုစုပေါင်း (၆၇၅) ဦးမှ စာသင်သား (၇၈၄၁) ဦးကို စေတနာလုပ်အားပေးသင်ကြားပေးခဲ့မှုကြောင့် စာတတ်မြောက်မှုများ တိုးတက်လာခဲ့ပါကြောင်း၊ ၂ဝ၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအတွက် ယူနက်စကိုမှ ထုတ်ပြန်သောဆောင်ပုဒ်မှာ “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့ ဖြစ်ပါကြောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ယူနက်စကိုဌာနချုပ်မှ ၁၉၇၁ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ယူနက်စကိုကချီးမြှင့်သည့် “မိုဟာမက်ရေဇာပါလာဗီဆု”နှင့် ၁၉၈၃ ခုနှစ်တွင် ချီးမြှင့်သော နိုမာဆုကို မြန်မာနိုင်ငံက ထိုက်ထိုက်တန်တန်လက်ခံရရှိခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ မရောက်နိုင်ခြင်းနှင့် မူလတန်းအဆင့် မပြီးမြောက်မီကျောင်းထွက်သွားခြင်းတို့ရှိ သရွေ့ သက်ကြီးစာတတ်မြောက်ရေးအစီအစဉ် (Adult Literacy Programme) လည်း ဆက်လက်ရှိနေဦးမယ်လို့ သုံးသပ်ရကြောင်း၊ ဒါကြောင့်စာတတ်အောင် သင်ကြားပြီး တတ်သောစာမမေ့အောင် စာဖတ်ရှိန်မြှင့်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အဘက်ဘက်မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြပြီး လူသားတစ်ဦးချင်းစီကလဲ “စာမတတ်သူ ဝိုင်းလို့ကူဟူသော ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တစ်နိုင်ငံလုံး စာတတ်မြောက်ရေးဟာ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံး စာတတ်မြောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးအခမ်းအနားသို့ UNESCO မှ ပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ် ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာသင်ကျောင်းမှ ခေါင်းလောင်းသံ “တေးသီချင်းဖြင့် သီဆို ကပြဖျော်ဖြေနေမှုကိုလည်းကောင်း၊ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)