ကလော စက်တင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးဇော်ဝင်းက မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုးက အရန်မီးသတ်ရှာဖွေကယ်ဆယ်ရေးဝတ်စုံတို့ကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ကလောမြို့နယ်အတွင်းရှိ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို သင်တန်းကာလ စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)