မက်မန်း စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အမှတ်(၁)တွင် နေထိုင်လျက်ရှိသော အဘွားဒေါ်နိုင်းအောင်သည် လွယ်လ(ဝ)ရိုးရာ လွယ်အိတ်များကိုကိုယ်တိုင်ရက်လုပ်၍ ရောင်းချခြင်းအားဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်လျက်ရှိရာတွင် တိုင်းရင်းသားလူမျိးများ၏ ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများသည် ပွဲတော်များ၊ ဘာသာရေးပွဲများတွင် အမြဲဝတ်ဆင်လျက်ရှိပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းလျက်ရှိရာ မက်မန်းမြို့နယ် အမှတ်(၁)ရပ်ကွက်နေ လွယ်လ(ဝ)တိုင်းရင်းသူ အဘွားဒေါ်နိုင်းအောင်အနေဖြင့် လွယ်လ(ဝ)ရိုးရာ လွယ်အိတ်များကို ရှေးမူမပျက်လက်ရက်ထည်( Hand Made ) ပြုလုပ်၍ ရောင်ချလျက်ရှိကြောင်း သိရသည်။ “လွယ်လ(ဝ)ရိုးရာ လွယ်အိတ်များကို ယနေ့ခေတ်တွင် ရက်လုပ်မှုအားနည်းကြောင်း၊ ခေတ်နဲ့အညီ လွယ်လ လွယ်အိတ်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း၊ ယနေ့ခေတ် ဈေးကွက်တွင် ရောင်းချလျက်ရှိသော ရိုးရာလွယ်အိတ်များသည် ငွေမောင်းများဖြင့်အလှဆင်၍ ရိုးရာချည်များအသုံးပြုမှုနည်းပါကြောင်း၊ ယနေ့ အဘွားတို့အသုံးပြုသော လွယ်အိတ်များသည် ရိုးရာချည်စစ်စစ်ဖြင့်ရက်လုပ်၍ လက်ဖြင့် လွယ်အိတ်တစ်ထည်လုံးအား ချုပ်လုပ်ထားခြင်းဖြစ်ကြောင်း၊ လွယ်လ(ဝ) လွယ်အိတ်များကို ကိုယ်တိုင်ရက်လုပ်ရာတွင် တစ်နေ့လျှင် လွယ်အိတ်နှစ်လုံးမှ သုံးလုံးအထိပြီးစီးကြောင်း၊ ရောင်းချရာတွင် လွယ်အိတ်အကြီးတစ်လုံးလျှင် နှစ်သောင်းငါးထောင်ကျပ်နှင့် လွယ်အိတ်အသေးတစ်လုံးလျှင် တစ်သောင်းငါးထောင်ကျပ်ရရှိကြောင်း၊ ယနေ့ခေတ် လွယ်လ(ဝ)တိုင်းရင်းသူများကိုလည်း အဘွားအနေဖြင့် လက်ဆင့်ကမ်းသင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ရိုးရာလွယ်အိတ်ရက်လုပ်သူများရှားပါးလာပြီးဖြစ်ကြောင်း၊ ရိုးရာလွယ်အိတ်ရက်လုပ်ရောင်းချခြင်းဖြင့် တိုင်းရင်းသားရိုးရာအမွေအနှစ်များကို ထိနိးသိမ်းရာရောက်သကဲ့သို့ မိသားစုအတွင်း၌လည်း အပိုဝင်ငွေရရှိကြောင်း” လွယ်လ(ဝ)ရိုးရာ လွယ်အိတ်ရက်လုပ်ရောင်းချသူ အဘွားဒေါ်နိုင်းအောင်ထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)