မန္တလေး စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ (၂) နာရီက အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင် ပညာရှင်များ၊ ခရိုင်နှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နေပြည်တော်တွင် ကျင်းပမည့် ဗဟိုအဆင့် ပြိုင်ပွဲများ၌ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် ထူးချွန်သော အနုပညာရှင်များကို ရွေးချယ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘာသာရပ်အသီးသီးတွင် ပြိုင်ပွဲဝင် ၅၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူ စုစုပေါင်း ၂ဝ၅ ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ ပထမဆုရရှိသူများအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်သည့်အခါ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ပြီး အရည်အချင်းရှိရှိ ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ရန် စခန်းသွင်းလေ့ကျင့်မှုများကိုလည်း စနစ်တကျ ဆောင်ရွက်ကာ ကျွမ်းကျင်မှုနှင့် ယုံကြည်မှု အပြည့်အဝ ရရှိအောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေးကို အထူးဂရုစိုက် နေထိုင်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘာသာရပ်အသီးသီးမှ ဆုရရှိသူများကို ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပြီးနောက် ဆုရရှိသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
၄င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ အုပ်ချုပ်သူ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဒုတိယပါမာက္ခချုပ် ဦးကျော်သူရထံသို့ အောင်နိုင်ရေး အလံပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)