ကလောမြို့နယ်၌ ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ်ပိုစတာစိုက်ထူဖွင့်ပွဲ ပြုလုပ်

ကလော စက်တင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့်(၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ပန်းမြို့အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဝင်းညွန့်ဦး ဦးဆောင်၍ အဖွဲ့ဝင်များက ယမန်နေ့နံနက် ၇ နာရီခွဲက  ကလောမြို့အများပြည်သူသွားလာသည့် မင်းလမ်းမကြီးဘေးတွင် ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွားဆိုင်းဘုတ် ပိုစတာစိုက်ထူဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန  မြို့နယ်လဝကမှူး ဦးစိုင်းရန်နိုင်တို့က ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ်ပိုစတာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အောင်ပန်းမြို့ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်အနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့်  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများကို ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတို့တွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အောင်ပန်းမြို့အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး  ရဲအုပ်ဝင်းညွန့်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)