မိုင်းဖြတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက်ရည်ရွယ်ပြီး လစဥ်တစ်ဆုပ်ဆန်နှင့် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၃၁)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက နမ့်လောက်ကျေးရွာအုပ်စု၊ တာမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် စျေးတန်းပရိယတ္ထိစာသင်တိုက်မှ ဘဒ္ဒန္တကဝိဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် တာမကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးသီရိဓမ္မောထံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်နှင့် ဌာနဆိုင်ရာများ ၊ အလှူရှင်များက တစ်ဆုပ်ဆန်(၂၄)ပြည်ပါ ၆အိတ်၊ စားဆီ(၁၀)ပိသာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)