မိတ္ထီလာမြို့နယ် ပျော်ကုန်းခေတ်မီစံပြကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်း ဆောင်ရွက်

မိတ္ထီလာ စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ညောင်မြင့်အုပ်စု၊ ပျော်ကုန်းခေတ်မီစံပြကျေးရွာ၌ မြို့နယ်အဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင်ကြက်ခြေနီအသင်းမှ ခရိုင်တာဝန်ခံဦးနေဦးက ‌ကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညောင်ကိုင်းတိုက်နယ်တာဝန်ခံ ‌‌ဒေါ်သိန်းညွန့်က ကျန်းမာရေးဆိုင်ရာသိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစုမိုမိုအောင်က တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိပညာများအကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေးဒေါ်သန္တာသန်းက သမဝါယမစာရင်းကိုင်စာရင်းရေး သင်တန်းကို ပျော်ကုန်းကျေးရွာမှ သင်တန်းသား(၂၀)ဦးအား သင်တန်းပို့ချပေးခဲ့သည်။ ဆက်လက်၍ ညောင်ကိုင်းတိုက်နယ်ကျန်းမာရေးဝန်ထမ်းများက ပျော်ကုန်းကျေးရွာသူကျေးရွာသားများကို နှလုံးရောဂါ သွေးတိုးရောဂါ ဆီးချိုသွေးချိုရောဂါနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပျော်ကုန်းကျေးရွာသူကျေးရွာသား ၂၀၇ ဦး တက်ရောက်ကြကြောင်း သိရသည်။          

သိန်းမြင့်ကျော်(မိတ္ထီလာ)