ဟိုပုံး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ(၉)ကြိမ်မြောက် ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့က ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်တဝိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်က ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖွဲ့ဝင်များက လွယ်တဝိုင်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၃၄)ဦးအတွက် ငွေကျပ်(၆၇.၈)သန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခဲ့ကြောင်းသိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ချေးငွေယူထားသည့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိကျေးရွာပေါင်း(၇၅)ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်ထံမှသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)