ကလော စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ပန်းမြို့ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူးရဲအုပ် ဝင်းညွန့်ဦး ဦးဆောင် ၍ အဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီခွဲက ကလောမြို့ အများပြည်သူ သွားလာသည့် မင်းလမ်းမကြီးဘေးတွင် ကလေးသူငယ် ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ် ပိုစတာ စိုက်ထူဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်လဝကမှူး ဦးစိုင်းရန်နိုင်တို့က ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား ဆိုင်းဘုတ်ပိုစတာကိုဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အောင်ပန်းမြို့ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်အနေဖြင့် လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေများကို ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတို့တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အောင်ပန်းမြို့အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းညွန့်ဦး ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)