မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းနေမှုများကို သွားရောက်အားပေး

မန္တလေး စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်အားပေးခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၁၁၃ ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု၍ အားပေးစကားများ ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း၊ သွေးအိတ်များကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ထံပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံ၍ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

ထွန်းထွန်းနိုင်(ပြန်/ဆက်)