မက်မန်းမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မက်မန်း စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အောင်သံလွင်ကျေးရွာ (အ-ထ-က)တွင် သွားရောက်ကျင်းပခဲ့သည်။

ရှေးဦးစွာ မက်မန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက် ထောက်ညွှန်ကြားရေးမှူး)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အောင်သံလွင်ကျေးရွာ(အ-ထ-က)ကျောင်းမှ Grade-11 ကျောင်းသား/ကျောင်းသူ(၁၆)ဦးတို့က စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးဆိုးကျိုးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒေါ်စိုးသီတာထိုက်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကျောင်းအုပ်ဆရာကြီးဦးဇော်မင်းလေးတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၈၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)