မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရတနာပုဏ္ဏဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေး

မန္တလေး စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော်(မန္တလေး)သို့ရောက်ရှိပြီး စေတီတော်ပရဝဏ် အရပ်မျက်နှာများအလိုက် နေ့နံများရှိ သတ်မှတ်နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပေးပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာများတွင် စကားဝါ ၊ လင်းလွန်း ၊ ယင်းမာ ၊ ပန်းပိ တောက်၊ သပြုသပြေ၊ တည်၊ အင်ကြင်းစသည့် သစ်မျိုး(၈)မျိုး (၁၆)ပင်ကို စိုက်ပျိုးကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂန္ဓကုဋိတိုက်တော်အတွင်းအပြင်နှင့် စေတီတော်ပရဝဏ်အတွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများကိုလှည့်လည်ကြည့်ရှုပြီး စေတီတော်မြတ်ပရဝဏ်အား အစဉ်အမြဲသန့်ရှင်း သာယာလှပရေးနှင့် အမြင်တင့်တယ်ရေးတို့ကို အလေးထားကာ စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်စေတီတော်ဂေါပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ဥပဓိရုပ်များကောင်းမွန်ရေး၊ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းသာယာ အမြင်တင့်တယ်စေရေး အတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်