ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၈
နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးအောင်ဇော်ထွေးနှင့် ကျောင်းသား၊ ကျောင်းသူများက ယမန်နေ့ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မောင်သောင်းဝင်း(တမန်ဟောင်း)၏ "ပြည်သူများစာတက်မြောက်မှုနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု" ဆောင်းပါးပါအကြောင်းအရာများကို အလှည့်ကျဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသလို ပြည်သူ့စာကြည့်တိုက်ရှိသုတ၊ ရသစာအုပ်စာ စောင်များကိုဖတ်ရှု လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)