ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တောင်ကြီးမြို့ သန့်ရှင်းသာယာရေးအတွက် စည်ပင်သာယာရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး စက်တင်ဘာ ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့်  စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများသည် ရက်၊ ယမန်နေ့နံနက် ၇ နာရီခွဲက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများအဖွဲ့သည် ‌မြို့သန့်ရှင်းသာယာလှပရေး အနောက်မြို့ပတ် လမ်း၊ ဂေါက်ကွင်းအနီးရှိ အမှိုက်ကန်တွင် ပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ လာမည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် မြို့ပတ်လမ်း (Phase-3)(၁ဒသမ၄) မိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဂနိုင်ကန်လမ်းဆုံ အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဥ် မြို့နယ်စည်ပင်သာယာ ရေးဌာန နှင့် MPPC ကုမ္ပဏီတာဝန်ရှိသူတို့က လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ငွေကျပ်    (၁၈၄ ) သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့်  ရှုခင်းသာပန်ခြံရှေ့ရှိ   ရေမြောင်း (အရှည် ၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈ ပေ)ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး၊ မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေပေးလျက်ရှိသည့် ရေအေးကွင်းရပ်ကွက်ရှိ ရေထွက်ဦး သဘာဝရေထွက်နှင့် ပန်းတင်ကျေးရွာအုပ်စုရှိ ထီသိမ်ရေကူရေလှောင်တမံနှင့် ရေလှောင်ကန်တို့အား ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုများ၊ ရေပေးဝေလျက်ရှိသည့် အခြေအနေတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ရေလှောင်ကန်များအား ဆက်လက်၍ ကြည့်ရှုစစ်ဆေးကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် ရွှေဘုန်းပွင့်စေတီတော်သွားလမ်းအား အလှူရှင် ဦးစိုင်းရွက် (စိန်နှင်းဆီသတ္တုတူးဖော်ရေး Co.ltd) နှင့် (Royal Golden Power Co.ltd) တို့ကလှူဒါန်းသည့် အရှည် (၁ မိုင် ၃ဖာလုံ) လမ်းအပိုင်း၊ ရွှေဘုန်းပွင့်ဘုရား‌ ဂေါပက အဖွဲ့က လှူဒါန်းသည့် (၃ ဖာလုံခန့်) လမ်းအပိုင်းနှင့် စည်ပင်သာ ယာရေးဌာနက ငွေကျပ် (၁၂၇၅.၀၈၉) သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းပုခုံး၊ မြေထိန်းနံရံ၊ မြေကာနံရံ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မှာကြားကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)