ချမ်းမြသာစည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြိုင်ပွဲများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ဟူ၍ သတ်မှတ်ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းအဆင့် စာစီစာကုံးအတွက် "ပညာဥယျာဉ်မှူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးအတွက် " ဆရာမပြနည်းမကျ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် " ကြယ်ဓူဝံပမာမြတ်ဆရာ"၊ အလယ်တန်းအဆင့်တွင် "ဆရာသခင်ကျေးဇူးရှင်" ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ကမ္ဘာ့ဆရာများနေ့ အကြိုစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၅၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းမင်းနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့(ပြန်/ဆက်)