မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းခုတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်မြူနှင်းက ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားအများစု မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် ဆိုင်ကယ်စီးဦးထုတ်နှင့် မေးသိုင်းကြိုးတတ်ပြီးစီးရန်၊ ဖြေးဖြေးမှန်မှန်စီးရန်နှင့် ယာဉ်စည်းကမ်းဆိုင်ရာဥပဒေ ပြစ်မှုပြစ်ဒဏ်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီးနောက် ဒု-အလယ်တန်းပြဆရာမဒေါ်ဇင်မာဆွေက လမ်းစည်းကမ်းဆိုင်ရာမီးပွိုင့်များအကြောင်းနှင့် ​လူကူးမျဉ်းကြားများအကြောင်းကိုလည်း ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် သက်ဆိုင်သောအခြားသိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)