ပင်လုံ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၊ ပဒုမ္မာစာရီစာသင်တိုက်တွင် ဘုရားရဟန္တာများ၏ ဓာတ်တော်၊ မွေတော်၊ အံပွားတော်များ ပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်တိုက်တွင်ကျင်းပပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်ကြည်ညိုဖူးမြော်ပါသည်။
ဘုရားရဟန္တာများ၏ ဓာတ်တော်၊ မွေတော်၊ အံပွားတော်များပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ကျောင်းတိုက်မုခ်ဦးရှေ့တွင် ဆရာတော်သံဃာတော်များ၊ အကြီးအကဲများ ပြည်သူများနေရာယူကြပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပါသည်။ ထို့နောက် ဆရာတော်သံဃာတော်များဦးဆောင်၍ အံပွားတော်နှင့် ဓာတ်တော်မွေတော်များကို ဝေါယာဉ်ပေါ်ပင့်ဆောင်ကြပြီး ရွှေကြိုး၊ ငွေကြိုး ၊ ဖဲကြိုးဖြင့် ယာယီစံကျောင်းတော်ပေါ်သို့ ပင့်ဆောင်ကြသည်။ ယင်းနောက် ဆရာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်လှူကာ ဆွမ်းပန်းရေချမ်းဆက်ကပ်လှူဒါန်းပြီးနောက် ဘုရားရှီခိုးဝတ်ပြုကြသည်။ ဆက်လက်၍ ဆရာတော်များအား ဩကာသကန်တော့ချိုးဖြင့်ကန်တော့ပြီး လားရှိုးမြို့မန်ဆူကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပန္တိတ ၊ အဂ္ဂမဟာကမ္မာ၊ ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပုညနန္ဒထံတွင် ငါးပါးသီလခံယူဆောက်တည်ကြပြိး ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ် ပူဇော်ပေးကြသည်။ ယင်းနောက် တပ်နယ်မှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများမှ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လာရှိုးမြို့မန်ဆူကျောင်းဆရာတော်က အနုမောဒနာတရားနှင့်ရေစက်ချတရားချီးမြှင့်ပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားအပြီးတွင် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး