မင်္ဂလာဒုံမြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ထောက်ကြန့်သပြေညိုခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်အတွင်း မှ အသင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် သမဝါယမအသင်းလီမိတက်မှ သဘာပတိအဖြစ် ဥက္ကဋ္ဌဦးအောင်သန်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော စီးပွားရေးလုပ်ငန်းများနှင့် အသင်းကြီးတိုးတက်မှုအခြေအနေများကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာသိန်းက သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မင်္ဂလာဒုံခရိုင်သမဝါယမအသင်းအဖွဲ့ဝင် ဒေါ်ယဉ်ယဉ်ရွှေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းပြီး သမဝါယမအသင်းလီမိတက် ဒုဥက္ကဋ္ဌ(၂) ဦးကျော်ရွှေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းဖတ်ကြားခဲ့သည်။

ထို့နောက် အသင်းစာရင်းစစ်ခေါင်းဆောင် ဦးသန်းညွှန့်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆိုင်ရာနှစ်ချုပ်ဘဏ္ဍာရေး စာရင်းစစ် အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အသင်းကိုယ်စားလှယ်များမှ ဆွေးနွေးအကြံပြုချက်ရယူခြင်းများအပေါ် ပြန်လည်ဆွေးနွေးမေးမြန်းခဲ့သည်။ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ ထည့်ဝင်ပြီးစုငွေစုစုပေါင်းငွေကျပ် (၂၀၀၁၀၆၇၇၅)ရှိကြောင်း၊ အသင်းသားများသို့ အစုပေါ်အမြတ်(၂၂၀)သိန်းကျော် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်သူဇာ(မင်္ဂလာဒုံ)