မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းစံ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာပေအကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်ခြင်းကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်ကအဖွင့်အမှာစကားပြောကြားပြီး မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဥမ္မာထွေးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ ပညာကိုလိုလျှင် စာဖတ်ကြရမည်ဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်ကိုဖတ်နေခြင်းသည် မိမိတို့အိမ်မှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့်စပ်လျဉ်း၍ ပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအားအသိပညာဗဟုသုတကြွယ်ဝစေဖို့ စာပေအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)