တွံတေး စက်တင်ဘာ ၈
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် တွံတေးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်း(၁၅)နည်း ဝင်ရောက်ယှဥ်ပြိုင်ရန် အားကစားသမားများရွေးချယ်၍ တွံတေးခရိုင်အောင်နိုင်ရေး လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်ကို စက်တင်ဘာ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ အားကစားနည်း(၂၄)နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် နည်းပြဆရာများက ခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ထူးချွန်ထက်မြက်သော အားကစားသမားများကို အားကစားနည်းအလိုက်ရွေးချယ်ပြီး တွံတေးခရိုင် အောင်မြင်မှုရရှိရေး လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးခရိုင်အနေဖြင့် အားကစားနည်း(၂၄)နည်းရှိသည့်အနက် အားကစားနည်း(၁၅)နည်းဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူးရှူး၊ မြန်မာ့သိုင်း၊ ကာယကြံခိုင်မှုတို့တွင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း(၂၂၉)ဦးဖြင့် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တွံတေးသား