နမ့်စန်(တ) စက်တင်ဘာ ၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်/ကလပ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိခဲ့ကာ ပြန်လည်ရောက်ရှိလာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်မှ မြို့နယ်ဂုဏ်ဆောင်လက်ဝှေ့အသင်းကို မြို့လယ်နာရီစင်ရှေ့မှစတင်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြို့နယ်မှတာဝန်ရှိသူများက စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁ နာရီချိန်ကစုပေါင်း၍ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံလက်ဝှေ့ပြိုင်ပွဲ၌ နမ့်စန်မြို့နယ်ဂုဏ်ဆောင်လက်ဝှေ့အသင်းမှ ၅၄ ကီလိုတန်းတွင် ရွှေတံဆိပ်ဆုနှင့်အကောင်းဆုံးကစားသမားဆုကို မောင်ရဲရင့်ဇော်ဝင်း၊ ၅၄ ကီလိုတန်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော မသဲမြတ်မွန်၊ ၅၁ ကီလိုတန်းတွင် ငွေတံဆိပ်ဆုရရှိခဲ့သောမောင်အာကာဝင်းဇော်၊ ၆၃.၅ ကီလိုတန်းတွင် ကြေးတံဆိပ်ရရှိခဲ့သော မောင်အေးချမ်းအောင်၊ ၅၇ ကီလိုတန်းတွင် ကြေးတံဆိပ်ရရှိခဲ့သော မနှင်းဆီအေးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများ၊ မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများက မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အ.ထ.က(နမ့်စန်)ကျောင်းအထိ ပန်းကုံးစွပ်၊ အောင်သပြေကမ်း၍ သောင်းသောင်းဖြဖြ စုပေါင်းဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် အ.ထ.က(နမ့်စန်)သရဖီခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများက မြို့နယ်ဂုဏ်ဆောင်လက်ဝှေ့အသင်းအား ဂုဏ်ပြုစကားများပြောကြားခဲ့ကာ အားကစားသမားအတွက် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လက်ဝှေ့အသင်းနည်းပြဆရာဦးမောင်ဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)